Friday, April 15, 2011

မေ့နိုင်ကောင်းပါရဲ့



ငါ့ရဲ့အချစ်တွေကို
လက်နှီးစုတ်တစ်ခုလောက်တောင်
တန်ဖိုးမထားခဲ့တဲ့နင့်ကို
ငါကခုထိရူးရူးမူးမူးချစ်နေမိတုန်းပဲ။

ငါ့ရဲ့သံယောဇဉ်တွေ
ငါ့ရဲ့မေတ္တာတရားတွေကို
နင်သိပ်ကြိုက်တဲ့
စီးကရက်တစ်လိပ်လောက်တောင်
တန်ဖိုးမထားခဲ့တဲ့နင့်ကို
ငါကခုထိ တမ်းတနေမိတုန်းပဲ။

ငါ့ရဲ့အရေးတယူရှိမှုတွေကို
နင်ဆော့ကစားနေကျ
ဂိမ်းကစားနည်းတစ်ခုလောက်တောင်
အလေးအနက်မထားခဲ့တဲ့နင့်ကို
ငါကခုထိလွမ်းဆွတ်တမ်းတနေမိတုန်းပဲ။

နင့်ကိုအမြဲစိတ်ပူပြီး
စိုးရိမ်ပူပန်နေတတ်တဲ့ငါ့ကို
နင့်ရဲ့သူငယ်ချင်းမလေးလောက်တောင်
အရေးတယူမဆက်ဆံခဲ့တဲ့နင့်ကို
ငါကခုထိခွင့်လွှတ်ချင်နေတုန်းပဲ။

ချစ်သူ
ခုချိန်မှာတော့
နင်ပေးခဲ့တဲ့ဝေဒနာတွေကို
ပွေ့ဖတ်ရင်းနဲ့
နင့်ကိုတမ်းတလွမ်းဆွတ်နေမိပေမဲ့လည်း
တစ်နေ့နေ့မှာတော့
နင့်ကိုငါမေ့နိုင်ကောင်းပါရဲ့
မေ့နိုင်ကောင်းပါရဲ့။

No comments:

Post a Comment