လမ်းခွဲပြီးပြီဆိုမှတော့ ကျန်ခဲ့တဲ့အတိတ်ကိုလွမ်းနေရုံနဲ့ အနာဂါတ်မှာ ပြန်ဆုံခွင့်ကို မမျှော်လင့်ချင်တော့ပါဘူး….။
ချစ်နေခဲ့တုန်းကတော့ မတွေ့ရတဲ့နေ့တွေမှာ
လွမ်းနေရတာ အဓိပါယ်ရှိနေခဲ့ပေမဲ့..
လမ်းခွဲပြီးချိန်မှာတော့ မလွမ်းပဲနေနိုင်ရင်
အကောင်းဆုံးပေါ့….။
မမေ့နိုင်ရင်တောင် မလွမ်းမိအောင်ကြိုးစားပါရစေ…။
ငါ့အနာဂါတ်ကို မျှော်လင့်ချက်တွေပေးပြီး
မချိုးနှိမ်ချင်ပါနဲ့တော့….။
တကယ်ဆို …….
နင်ပိုင်ဆိုင်တဲ့ နင့်ဘဝကို
နင်လိုချင်ခဲ့တဲ့အတိုင်း
နင်ကိုယ်တိုင်ရွေးချယ်သွားခဲ့တာပါ….။
နင့်မှာ ကိုယ်ပိုင်ရွေးချယ်ခွင့် ရှိပါတယ်….။
ဒါပေမဲ့ ………
နင့်ရဲ့ ရွေးချယ်ခွင့်မှာ ငါ့နှလုံးသားကတော့
ရေမျော ကမ်းတင် လွင့်ချင်ရာ လွင့်ပြီး
လေနေခဲ့ရပေါ့…။
ရင်မခုန်ဖူးတော့ ရူးခဲ့ဖူးတယ်….။
နင့်ကိုသာ ချစ်တော့မယ်လို့ ……
မျှော်လင့်ချက်တွေ တပွေ့တစ်ပိုက်နဲ့
အိမ်မက် နန်းတော်ကြီးတည်ဆောက်ခဲ့ဖူးတာပေါ့….။
အချစ်စစ်မှန်ရင် ခရီးလမ်းက မဖြောင့်ဖြူးဘူးတဲ့….။
ဒါပေမဲ့………
ငါ့တို့ရဲ့ ချစ်ခရီးလမ်းကတော့
နင့်အချစ်တွေ မစစ်မှန်ခဲ့လို့
ခလုတ်ကန်သင်းတွေ ပြည့်နေခဲ့ရတာပါ….။
ငါခင်းခဲ့တဲ့ လမ်းက
ငါ့ရင်ကိုနင်းပြီး နင့်ဘဝတိုးတက်ဖို့
လှေကားထစ်အနေနဲ့ အသုံးချဖို့ သက်သက်ဖြစ်ခဲ့တာလား…။
ငါရည်ရွယ်ခဲ့တာ နင်နဲ့နီးစပ်ဖို့ လမ်းသက်သက်ပါ ချစ်သူ….။
နင်လိုရာဆွဲတွေးပြီး နင် နင်းချင်သလို နင်းခဲ့တဲ့
ငါ့နှလုံးသားက ကျောက်တုံးကျောက်ခဲမှ မဟုတ်တာ….။
နင့်ကို အသက်လောက်ချစ်တတ်သလို…..
သေလောက်အောင်လည်း မုန်းတတ်တယ်….။
နာကျည်းတတ်တဲ့ မှတ်ဥာဏ်ကလည်း သံချေးမတက်သေးပါဘူး…..။
“တစ်ချိန်မှာ ပြန်ဆုံနိုင်ခွင့်ကို မျှော်လင့်နေချင်သေးတယ်..” တဲ့လား
ငါက နင်ကစားနေကျ ကျားကွက်မဟုတ်ဘူး….။
နင်ရွှေ့တဲ့ အကွက်တွေကို အဆင်ခြင်မဲ့
ရွေ့နေရလောက်အောင် ငါက
နင့်အမြင်မှာ ဘာမှမသိတဲ့ နလပိန်းတုံးတစ်ယောက်လား….။
အချစ်မှာ Chess ကစားသလို
လိုသလိုရွှေ့လို့ရတဲ့ အကွက်ကလေးတွေမပါဘူး….။
နင်စေခိုင်းသမျှ ရွေ့နေမဲ့ Pawn လေးတွေမရှိဘူး….။
နင်ပေးနိုင်သလောက်ပဲ ပြန်ရမဲ့ နိယာမတွေနဲ့ ပြည့်နေတဲ့
မှန်ကန်ခြင်းတစ်ခုပဲ ရှိနေတယ်ဆိုတာ….
အကွက်ရွှေ့ကောင်းတဲ့နင် သိပါ့မလား…..။
ကိုယ်ပေးသလောက်လည်း ပြန်ရတာမှမဟုတ်တာ ဆိုတဲ့
ဆင်ခြေတွေနဲ့ ကလေးအတွေးတွေ မေ့ထားသင့်ပြီနော်…. ။
အချစ်က ကစားစရာမဟုတ်ဘူး….။
နှလုံးသား ဆိုတာ အပျော်ရှာဖို့သက်သက်ပဲ ဖြစ်တည်နေတာမဟုတ်ဘူး….။
နင်လိုချင်တဲ့ အပျော်တွေ ပဲ ပေးနိုင်တဲ့နှလုံးသားဆိုတာ
နင်ကိုယ်တိုင်လည်း အပျော်တွေပဲ ပေးနေမှ ပိုင်ဆိုင်နိုင်မယ်ဆိုတာ
ရယူလိုမှု တစ်ခုတည်းကိုပဲ နားလည်တဲ့ နင်က သိပါ့မလား….။
နင်လိုအပ်ချိန်တိုင်း ခိုဝင်ပြီး
နင်အလိုမရှိရင် ပြန်ထွက်သွား….
နင်ရှုံးနိမ့်တဲ့အချိန် နှစ်သိမ့်မှုတွေ ခံယူပြီး
နင် အောင်မြင်နေတဲ့အချိန် အမှိုက်တစ်ခုလိုလွင့်ပစ်ရအောင်
ငါ့ရင်ခွင်က ဇရပ်မဟုတ်ဘူး….။
ခွင့်လွှတ်နားလည်ပေးရလောက်အောင်လည်း
ငါ့မှာ ခန္တီပါရမီ မရင့်သန်သေးတော့
နင်နဲငါ
ဒီဘဝ ဒီမျှပဲပေါ့
တစ်ချိန်က ချစ်ခဲ့ဖူးသူရယ်…..။
No comments:
Post a Comment